သင့်ရင်သွေးကို ဘယ်အချိန်ကစပြီး မိခင်နို့အစားထိုးအစားအစာစတင်တိုက်ကျွေးမလဲ
သင့်ရင်သွေးငယ် ၆ လသားအရွယ်လောက်ရောက်လာပြီဆိုရင်၊ သူ့ရဲ့ အာဟာရလိုအပ်ချက်ကို ပြည့်မှီစေဖို့ သင့်တော်တဲ့အစားအစာကို စပြီးတိုက်ကျွေးဖို့ အရေးကြီးလာပါတယ်။ မိခင်နို့နဲ့ ဖော်မြူလာနို့မှုန့်တွေဟာ သင့်ရင်သွေးလေးလိုအပ်တဲ့ ကယ်လိုရီစွမ်းအားဓာတ်နဲ့ အာဟာရတွေကို လုံလောက်အောင် မဖြည့်စွမ်းနိုင်တော့ပါဘူး။ အောက်ကအချက် ၅ ချက်ကိုကြည့်ပြီး သင့်ကလေး စားစရာ အဖတ်တွေစပြီး စားသုံးကြည့်ဖို့ အဆင်သင့်ဖြစ်နေပြီးဆိုတာ သိနိုင်ပါတယ်။
- အကူအညီမလိုပဲနဲ့ သူ့ဘာသာသူ ခေါင်းကို ကောင်းကောင်းထောင်နိုင်နေပြီ
- စားစရာတွေကို လိုက်ကြည့် လိုက်ပြီး စပ်စုတတ်နေပြီ
- သူ့ဘာသာသူ လျှာနဲ့စားစရာတွေကို ပြန်ကန်ထုတ်နေတာမရှိတော့ပဲ ကောင်းကောင်း၀ါးနိုင်၊ မြိုချနိုင်နေပြီ
- တစ်နေ့လုံး နို့၀အောင်စို့ထားပြီးပေမဲ့လဲ ဗိုက်ဆာနေတုန်း၊ စားချင်နေတုန်းပဲဖြစ်နေမယ်
- သိသိသာသာ ခန္တာကိုယ်အလေးချိန်တိုးလာမယ် (မွေးကင်းစအလေးချိန်ရဲ့ နှစ်ဆ) ၊ ပြီးတော့ အနည်းဆုံး ၆ ကီလိုဂရမ်ရှိလာမယ်
ဘယ်လိုအစားအစားတွေကို စတင်ကျွေးကြမလဲ
ကျန်းမာရေး၀န်ကြီးဌာနကတော့ ၆လသားတွေအတွက် အောက်ပါ အစားအစာတွေကို တိုက်ကျွေးဖို့ တိုက်တွန်းထားပါတယ်။
- သံဓာတ်ဖြည့်ထားတဲ့ ရင်သွေး စီရီရယ်သီးနှံနဲ့ မိခင်နို့ (သို့) ဖော်မြူလာနို့မှုန့် (သို့) သန့်ရှင်းတဲ့ ရေ
- ကောင်းစွာကျက်အောင်ချက်ပြုတ်ထားပြီး အရိုးနွင်ထားတဲ့ အသား၊ကြက်သား၊အသည်း၊ငါး အနှစ်များ
- ကောင်းစွာကျက်အောင်ချက်ထားတဲ့ ပဲအနှစ် (ဆားထပ်ပြီး မထည့်ထားရပါဘူး)
- နုညံ့အောင်ချက်ထားတဲ့ ဟင်းသီးဟင်းရွက်များ – အာလူး၊ဖရုံ၊မုန်လာဥ၀ါ၊ သခွားသီး၊ ပန်းဂေါ်ဘီအစိမ်း
- နုညံ့အောင်ချက်ထားတဲ့ ပန်းသီး၊ သစ်တော်သီး
- ကောင်းစွာကြိတ်ခြေထားတဲ့ ငှက်ပျောသီး၊သရက်သီး၊ထောပတ်သီး
- အဆီဓာတ်အပြည့်ပါတဲ့ ဒိန်ချဥ်၊ နို့နှစ်၊ ဒိန်ခဲ/ချီးစ်
အနှစ်အနေနဲ့ပြုလုပ်ထားတဲ့စားစရာတွေအတွက် ကြိတ်ခြေစက် (Blender) သုံးပြီး လိုချင်တဲ့ပုံစံရအောင် အရည်တစ်မျိုးမျိုးထည့်နိုင်ပါတယ်။
အဲဒီလို အစာပျော့ပျော့တွေကို သင့်ရင်သွေးကောင်းကောင်းစားနိုင်နေပြီဆိုရင်၊ စားစရာတွေကို နဲနဲမာမာလေးစကျွေးဖို့ ကြိတ်ခြေထား၊ နှုတ်နှုတ်စင်းထားတာတွေကို စမ်းကျွေးကြည့်လို့ရပါတယ်။
- ကြိတ်ခြေထားတဲ့ ဟင်းသီးဟင်းရွက်ပြုတ်များ
- ကြိတ်ခြေထားတဲ့ ငါးအသားနုနုများ၊ ပါးပါးလှီးထားတဲ့အသားများ (အားလုံးကို ကျက်အောင်ချက်ပြီး အရိုးနွင်ထားရပါမယ်)
- စီရီရယ်များ – ဂျုံနဲ့ပြုလုပ်ထားတဲ့ ဘီစကစ်တွေကို မိခင်နို့ (သို့) ဖော်မြူလာနို့နဲ့ ရောပြီးကျွေးလို့ရပါတယ်
မိခင်နို့နဲ့ ဖော်မြူလာနို့ ဘယ်လိုအရေးကြီးသလဲ
သင့်ရင်သွေးကို အဖတ်ပါ၀င်တဲ့ စားစရာတွေကို စတင်တိုက်ကျွေးနေပြီဆိုပေမဲ့လဲ မိခင်နို့ (သို့) ဖော်မြူလာနို့ကို ဆက်လက်တိုက်ကျွေးဖို့အရေးကြီးပါနေပါသေးတယ်။ အသက်တစ်နှစ်အတွင်းမှာ ခန္တာကိုယ်ရဲ့ မရှိမဖြစ်လိုအပ်တဲ့ အသားဓာတ်၊ ဗီတာမင်၊ သံဓာတ်စတာနဲ့ အားအင်ကယ်လိုရီ၊အာဟာရအများစုကို အစာအိမ်ကစုပ်ယူလွယ်တဲ့ မိခင်နို့/ဖော်မြူလာနို့ကတစ်ဆင့် ရရှိနေမှာပါ။ အဲတာကြောင့် အသက်တစ်နှစ်အတွင်းမှာတော့ စားစရာအဖတ်တွေက မိခင်နို့/ဖော်မြူလာနို့က ပေးစွမ်းနိုင်တဲ့ အာဟာရကယ်လိုရီလို အစားထိုးမပေးနိုင်ပါဘူး။ သင့်ရင်သွေးငယ်လေးက အဖတ်ပါ၀င်တဲ့ စားစရာတွေကို စပြီးစားနေပြီဆိုပေမဲ့ အနည်းဆုံးအသက်တစ်နှစ်ပြည့်ပြီးတဲ့အထိတော့ မိခင်နို့/ဖော်မြူလာနို့ကို ဆက်ပြီးတိုက်ကျွေးနေဖို့ လိုနေပါသေးတယ်။ မိခင်နို့တိုက်ကျွေးမှုအကြောင်းပိုပြီးသိချင်တယ်ဆိုရင် အောက်ပါ လင့် ကို သွားရောက်လေ့လာလို့ရပါတယ်။ this link.