၆ လကနေ ၁၂ လအရွယ်ရင်သွေးငယ်များအတွက်အရေးကြီးတဲ့ ဗီတာမင်များ

Micronutrients တွေအထဲမှ ကြီးထွားဖွံဖြိုးရာမှာ အရေးပါတဲ့ နောက်အုပ်စုတစ်မျိုးကတော့ ဗီတာမင်အုပ်စုဖြစ်ပြီး သူ့နာမည်အတိုင်းပဲ ကြီးထွားနေတဲ့ တစ်သျှူးတွေကျန်းမာနေစေဖို့အရေးကြီးတဲ့ နေရာကနေပါ၀င်ပါတယ်။ သတ္ထုဓာတ်များနဲ့ အလားတူစွာပဲ ဗီတာမင်တွေဟာ  အစားအစာတွေမှာ ပမာဏနည်းနည်းသာပါ၀င်လေ့ရှိပေမဲ့လည်း Macronutrients တွေလောက်အရေးမကြီးတာမဟုတ်ပါဘူး။ တကယ်ဆိုရင် သတ္ထုဓာတ်တွေလိုပဲ Macronutrients တွေကို ကောင်းစွာဇီ၀ကမ္မခြေဖျက်ပြီး တစ်သျှူးလုပ်ငန်းဆောင်တာတွေလည်ပတ်နိုင်ဖို့ ဗီတာမင်တွေက အကူအညီပေးပါတယ်။

ကြီးပြင်းလာတဲ့ရင်သွေးတွေအနေနဲ့ ပုံမှန်လိုအပ်တဲ့ ဗီတာမင်တွေကို သစ်သီးသစ်ဖု၊ ဟင်းသီးဟင်းရွက်၊ အသား၊နို့ထွက်ပစ္စည်းနဲ့ စီရီရယ်ကတစ်ဆင့် နို့ဖြတ်ပြီး ဖြည့်စွက်စာစကျွေးချိန်မှာရရှိနိုင်ပါတယ်။ ကွဲပြားတဲ့ ဖြည့်စွက်စာအမျိုးအစားများများတိုက်ကျွေးနိုင်လေလေ ဗီတာမင်အမျိုးအစားစုံစုံလင်လင်ပိုမိုရရှိနိုင်လေဖြစ်ပါတယ်။ မိခင်နို့မှာ ရေတွင်ပျော်၀င်နိုင်တဲ့ ဗီတာမင်နဲ့ အဆီတွင်ပျော်၀င်နိုင်တဲ့ ဗီတာမင်အမျိုးအစား အများဆုံးပါ၀င်ပြီး ကောင်းမွန်စွာအစာကြေလွယ်နိုင်တဲ့ ပုံစံအနေနဲ့ ပါ၀င်ပါတယ်။

ဗီတာမင် အေနဲ့ ကယ်ရိုတင်းဓာတ်များ

ဗီတာမင်-အေ က ဆဲလ်များကြီးထွားဖို့နဲ့ အရေအတွက်တိုးပွားဖို့အရေးပါ ပါတယ်။ အဓိကအားဖြင့် အမြင်အာရုံကောင်းမွန်လာဖို့ (ရက်တီနာလို့ခေါ်တဲ့ မျက်ကြည်လွှာမှာ များစွာတွေ့ရလို့ ရက်တီနော လို့လဲခေါ်ပါတယ်)၊ အရေပြားကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ် ရင့်ကျက်လာစေဖို့ လိုအပ်ပါတယ်။ ဗီတာမင်-အေဟာ ရင်သွေးငယ်တွေရဲ့ ကြီးပြင်းမှုအစောပိုင်းကာလတွေမှာ အလွန်အရေးပါတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီး၊ ဗီတာမင်-အေ ချို့တဲ့ခြင်းက ဖွံဖြိုးဆဲနိုင်ငံတွေမှာ အဓိကကြုံတွေ့နေရတဲ့ အာဟာရချို့တဲ့မှုပြဿနာတစ်ခုဖြစ်ပါတယ်။  ဥအမျိုးမျိုး၊ အရောင်စုံတဲ့ဟင်းသီးဟင်းရွက်များ (ဥပမာ – မုန်လာဥ၊ ပြောင်းဖူး၊ ကန်စွန်းဥ) နဲ့ သစ်သီးများ (ဥပမာ –  ငှက်ပျောသီး၊ သရက်သီး၊ သင်္ဘောသီး၊ ပန်းသီး) အစရှိတဲ့ ဖြည့်စွက်စာတွေမှာ ရက်တီနောများနဲ့ ဘီတာကယ်ရိုတင်း၊ လိုင်ကိုပင်း၊ ဇန်သီနွိုက် လို့ခေါ်တဲ့ သဘာ၀ ကယ်ရိုတီနွိုက်များစွာပါ၀င်ပြီး ခန္တာကိုယ်မှာ သိုလှောင်ထားလို့ လိုအပ်တဲ့အချိန်မှာ ဗီတာမင်-အေ အဖြစ် ထုတ်ယူသုံးစွဲလို့ရပါတယ်။

ဗီတာမင် ဒီ

ကယ်လဆီယမ်ကို ဇီ၀ကမ္မဖြစ်စဥ်တွေမှာအသုံးပြုဖို့နဲ့ အစာအိမ်အူလမ်းကြောင်းကနေ စုပ်ယူဖို့ ဗီတာမင် ဒီကို လိုအပ်ပါတယ်။ နေ့စဥ်အစားအသောက်တွေမှာ ဗီတာမင် ဒီ ချို့တဲ့နေတဲ့ ကလေးတွေမှာ အရိုးဖြစ်တည်မှုပုံစံမမှန်တာမျိုးအပြင်၊ “ရက်ကက်” လို့ခေါ်တဲ့ ကယ်လဆီယမ်မလုံလောက်မှုကြောင့် အရိုးများကွေးကောက်တဲ့ အခြေအနေတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုအခြေအနေတွေက ၁၉ရာစု အစောပိုင်းမှာ အဖြစ်များခဲ့ပေမဲ့ ယခုခေတ် ခေတ်မီဖွံဖြိုးပြီးနိုင်ငံတွေမှာ တွေ့ရတာရှားပါသွားပါပြီ။ အသား၊ငါးတွေကတစ်ဆင့် ဗီတာမင် ဒီကိုရနိုင်သလိုပဲ နေရောင်ခြည်နဲ့ ထိတွေ့ခြင်းဖြင့် အရေပြားက ဗီတာမင် ဒီကိုထုတ်လုပ်ပြီးရရှိနိုင်ပါတယ်။ ဒါပေမဲ့ ရင်သွေးငယ်တွေကို နေရောင်ခြည်နဲ့ ထိတွေ့မှုလွန်ကဲမနေစေဖို့ ကျွမ်းကျင်သူများက အကြံပေးထားပါတယ်။

ဗီတာမင်-စီ

အာဟာရပြည့်၀တဲ့ မိခင်တွေရဲ့ နို့ရည်နဲ့ ဖော်မြူလာနို့မှုန့်တွေမှာ ဗီတာမင်-စီ ပြည့်၀စွာပါ၀င်ပါတယ်။ ဖြည့်စွက်စာစကျွေးချိန်မှာ ဟင်းသီးဟင်းရွက်များ (ခရမ်းချဥ်သီး၊ ပြောင်းဖူး၊ အာလူး) နဲ့ သစ်သီးများ (ချဥ်တဲ့ သစ်သီးများ၊ သရက်သီး၊ စတော်ဘယ်ရီ) တွေမှာလည်း ဗီတာမင်-စီ ပမာဏများစွာပါ၀င်ပြီး ကြီးထွားနေတဲ့ ရင်သွေးငယ်အတွက်သင့်တော်ပါတယ်။ ကိုယ်ခန္တာထဲမှာ ချိတ်ဆက်တစ်သျှူများဖြစ်လာဖို့၊ ကော်လဂျင်အနေနဲ့ သွေးကြောများ၊ အရိုးများ၊ သွားများ ထိန်းသိမ်းထားနိုင်ဖို့နဲ့၊ ကိုယ်ခံအားစနစ်ကို အားကောင်းလာစေဖို့ ဗီတာမင်-စီက အထောက်အပံ့ပေးပါတယ်။ ဗီတာမင် စီကို ကိုယ်ခန္တာ က သူ့ဘာသာသူ မပြုလုပ်နိုင်လို့၊ အစားအသောက်ကရနိုင်တဲ့ အရေးပါတဲ့ ဗီတာမင် ဖြစ်ပါတယ်။

ဗီတာမင် ဘီ

ဗီတာမင် ဘီ အုပ်စုမှာ အမျိုးအစားစုစုပေါင်း ၈ မျိုးပါ၀င်ပြီး B-complex (သို့) B-group လို့စုပေါင်းပြီးခေါ်ပါတယ်။ အဆိုပါအုပ်စုအထဲမှာ သိုင်ယာမင်း/thiamine (B1), ရိုင်ဘိုဖလေဗင်/riboflavin (B2), နိုင်ယာဆင်/niacin (B3), ပန်သိုသီးနစ်အက်ဆစ်/ pantothenic acid (B5), ပိုင်ရီဒေါက်ဆင်း/pyridoxine (B6), ဘိုင်အိုတင်/ biotin (B7), ဖော်လစ်အက်ဆစ်/ folate (B9) and ကိုဘလမင်း/cobalamin (B12) တို့ပါ၀င်ပါတယ်။ ပါ၀င်တဲ့ ဗီတာမင်ဘီအမျိုးအစားတစ်ခုဆီတိုင်းမှာ ထူးခြားတဲ့လုပ်ဆောင်ချက်တွေရှိပြီး ဗီတာမင်ဘီတွေအားလုံးကို စုပေါင်းလိုက်တဲ့အခါမှာ ကစီဓာတ်၊ အဆီဓာတ်များနဲ့အတူ ကိုယ်ခန္တာအတွက် အားအင်ထုတ်လုပ်ပေးပြီး၊ ဆဲလ်အတွင်းဇီ၀ဖြစ်စဥ်တွေအတွက် အရေးပါတဲ့နေရာကပါ၀င်ပါတယ်။ ဗီတာမင် ဘီတိုင်းက အရေးပါပေမဲ့ ကိုဘလမင်း/cobalamin (B12) က ကလေးအသက် ၈ လ လောက်ကစပြီး မွေးရာပါပမာဏစပြီး နည်းပါးလာလေ့ရှိလို့ အသားငါး၊ ဥအမျိုးမျိုး အစရှိတာတွေကနေ ပြန်လည်ဖြည့်တင်းဖို့လိုအပ်ပါတယ်။

အနှစ်ချုပ်

အမျိုးအစားကွဲပြားတဲ့ ဖြည့်စွက်စာတွေကို မိခင်နို့ / ဖော်မြူလာနို့နဲ့ အသက် ၁၂ လ အထိ တွဲဖက်တိုက်ကျွေးခြင်းအားဖြင့် ရင်သွေးငယ်တွေကိုကြီးထွားဖွံဖြိုးဖို့ လိုအပ်တဲ့ အာဟာရတွေကို စုံစုံလင်လင်ရရှိနိုင်စေမှာဖြစ်ပါတယ်။ ဗီတာမင်တွေအနေနဲ့ ကြီးထွားဖွံဖြိုးဖို့နဲ့ ကျန်းမာရေးကို ထိန်းသိမ်းရာမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါ၀င်ပါတယ်။

ကိုးကားချက်များ

  • United States Department of Agriculture (2009). Infant nutrition and feeding: A guide for use in the WIC and CSF programs. Special supplemental Nutrition Program for women, infants and children
  • Leaf et al., 2007. Vitamins for babies and young children. Arch Dis Child. 2007 Feb; 92(2): 160-164. https://www.ncbi.nlm.nih.gov/pmc/articles/PMC2083301/
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping